လွယ်ကူသော အဆင့် ၅ ဆင့်ဖြင့်

ယေရှုခရစ်တော်၏

ဝမ်းမြောက်စရာ သတင်းစကား

1

ကောင်းကင်ဘုံသည် အနှောင်အဖွဲ့ကင်းသော လက်ဆောင်ဖြစ်သည်။
၎င်းကို ဝယ်ယူ၍မရသလို တန်ရာတန်ကြေး ပေး၍လည်း မရပါ။

*

သင့်မွေးနေ့ မနက်ခင်းရောက်ပြီ ဆိုပါစို့။ သင့်မိခင်က တန်ဖိုးကြီးသော နောက်ဆုံးပေါ် iPhone ဖြင့် လက်ဆောင်ပေးရာ သင်အံ့အားသင့် သွားသည်။ ‘‘ဝါး။ ကျေးဇူးတင်လိုက်တာ မေမေ။’’ ဟု သင်ပြောသည်။ ထို့နောက် သင့်အိတ်ကပ်ထဲမှ ငွေအနည်းငယ် ထုတ်ပြီးအမေ့ကိုပေးသည်။ ထိုသို့ပေးလိုက်ခြင်းသည် လက်ဆောင်တစ်ခု ဖြစ်ပါမည်လား။ မဖြစ်နိုင်ပါ။ ထို့ပြင် သင့်မိခင်အား ငွေပေးခြင်းသည် စော်ကားသလိုဖြစ်ပါလိမ့်မည်။

သို့မဟုတ် ဖခင်တစ်ယောက်က သူ့ဆယ်ကျော်သက်ရွယ် သမီးကို ကျောင်းတွင် စာကြိုးစားရန် အားပေးလိုသဖြင့် သမီးအား ‘‘ဒီနှစ်မှာ ဘာသာစုံ A ရရင် ခရစ္စမတ်လက်ဆောင် ကားတစ်စီး ဝယ်ပေးမယ်။’’ ဟုပြောသည်။

နှစ်ကုန်ချိန်တွင် သမီးငယ်က ဘာသာစုံ A ရသည့်အတွက် သူ့ကတိအတိုင်း ကားဝယ်ပေးသည်။ ၎င်းသည် လက်ဆောင်တစ်ခုလား။ မဟုတ်ပါ။ ကြိုးစားမှုအတွက် ဂုဏ်ပြုခြင်း သာလျှင် ဖြစ်ပါသည်။

လက်ဆောင် ဆိုသည်မှာ လွတ်လပ်စွာ ပေးပြီး လွတ်လပ်စွာ ရရှိရပါမည်။ ငွေပေးရလျှင် ဖြစ်စေ၊ အပြန်အလှန် ဆောင်ရွက်ပေးရလျှင် ဖြစ်စေ - လက်ဆောင် မဟုတ်တော့ပါ။

ကောင်းကင်ဘုံ (ထာဝရအသက်) သည် အနှောင်အဖွဲ့ကင်းသော လက်ဆောင်ဖြစ်ကြောင်း သမ္မာကျမ်းစာကဆိုပါသည်-

ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။

ဧဖက်ဩဝါဒစာ ၂:၈-၉

အပြစ်တရား၏ အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကြေးဇူးတော်ကား ငါတို့သခင် ယေရှုခရစ် အားဖြင့် ထာဝရအသက်ပေတည်း။

ရောမဩဝါဒစာ ၆:၂၃

ကောင်းကင်ဘုံတွင် မည်သူမျှ နေရာတစ်ခု တန်ရာတန်ကြေးပေး၍ မရပါ။ ထိုပြင် မည်သူမျှ နေရာတစ်ခု ဝယ်၍မရပါ။

အကြောင်းမူကား…

2

လူသားသည် အပြစ်သားဖြစ်သည်။
သူ့ကိုယ်သူ ကယ်တင်၍ မရနိုင်။

*

ကြက်ဥခြောက်လုံး ထည့်ရန်လိုသည့် ကြက်ဥကြော်ကို သင်ကြော်နေသည် ဆိုပါစို့။ ကြက်ဥတစ်လုံးချင်းစီကို သင်ဖောက်ပြီး ဇလုံထဲသို့ အနှစ်ကို ထည့်လိုက်သည်။ နောက်ဆုံး ကြက်ဥကိုဖောက်ပြီး သင်ထည့်လိုက်သည်။ ရုတ်တရက် သင်မျက်နှာ လွှဲလိုက်ပြီး နှာခေါင်းပိတ်မိသွားသည်။ နောက်ဆုံးကြက်ဥသည် ပုပ်နေပါ၏။

ထိုကြက်ဥကို လွှင့်ပစ်ရုံမှတစ်ပါး အခြားရွေးစရာ မရှိပေ။ ဇလုံထဲတွင် ကြက်ဥအကောင်း ငါးလုံး ရှိသော်လည်း ကြက်ဥပုပ် တစ်လုံးကြောင့် အားလုံး ပျက်စီးကုန်သည်။

ကြက်ဥပုပ်တစ်လုံး ပါနေသည့် ကြက်ဥကြော်ကို သင့်မိသားစုအား မကျွေးချင်သလိုပင် အပြစ်တစ်ခုမျှသာ ငြိစွန်းနေသည့် ဘဝကို သန့်ရှင်းသော ဘုရားသခင်ထံ ဆောင်ယူလာလျှင် ဘုရားသခင်က လက်ခံမည်ဟု မျှော်လင့်၍မရပါ။

ဘုရားသခင်၏ စံသတ်မှတ်ချက်က အလွန်ပင် မြင့်မားသည်။ ကိုယ်တော်အတွက် ဒေါသဟူသည် လူသတ်ခြင်းကဲ့သို့ပင်ဖြစ်သည်။ တဏှာစိတ်ကူးသည် စော်ကားမှုကဲ့သို့ပင်ဖြစ်သည်။ အပြစ်သည် ကျွန်ုပ်တို့ ဆောင်ရွက်ရုံအရာမျှသာ မဟုတ်ဘဲ ဘုရားသခင်၏ ပြီးပြည်စုံသော စံသတ်မှတ်ချက်နှင့် မညီသည်တို့ကိုကို ကျွန်ုပ်တို့ တွေးတော၊ ပြောဆို၊ ဆောင်ရွက်သမျှ အရာတိုင်း ဖြစ်ပါသည်။

အဘယ်ကြောင့်နည်း ဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့် ရှေ့တော်၌ အသရေပျက်ကြပြီ။

ရောမဩဝါဒစာ ၃:၂၃

‘‘သို့သော် ကျွန်ုပ်သည် လူကောင်းဖြစ်သည်။ ကျွန်ုပ်၏မိသားစုကို စောင့်ရှောက်သည်။ ကျွန်ုပ်၏အသိုင်းအဝိုင်းတွင် အများအကျိုးဆောင်သည်။ ခိုးဝှက်ခြင်း၊ သူတစ်ပါးကို ထိခိုက်စေခြင်းလည်း မပြုလုပ်ပါ။ ကျွန်ုပ်ကောင်းကင်ဘုံသို့ ကျိန်းသေရောက်သင့်သည်’’ ဟု သင်ထင်ကောင်းထင်နိုင်ပါသည်။

ကောင်းသောဘဝကို နေထိုင်ရန်ကြိုးစားကာ ကောင်းကင်ဘုံသို့ ဝင်ရောက်လိုပါက သင်မည်မျှပြည့်စုံရန် လိုကြောင်းကို ယေရှုခရစ်တော်က ယခုလို မိန့်ပါသည်-

ထိုကြောင့် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့လည်း စုံလင်ခြင်း ရှိကြလော့။

ရှင်မဿဲခရစ်ဝင် ၅:၄၈

ကောင်းကင်ဘုံသို့ ဝင်ရောက်ရန် စံသတ်မှတ်ချက်မှာ ကိုယ်ရော စိတ်ပါ ပြီးပြည့်စုံရန်ဖြစ်သည်။ အနှစ်ချုပ်အားဖြင့် ဘုရားသခင် ပြီးပြည့်စုံသကဲ့သို့ ဖြစ်ရမည်။ ဤစံနှုန်းမျိုး ရောက်ရန်အတွက် လူသားတစ်ယောက်အဖို့ မဖြစ်နိုင်ပါ။

ထို့အတူ ကုသိုလ်ကောင်းမှုများက ကျွန်ုပ်တို့အား မကယ်တင်နိုင်ပါ။ အကြောင်းမူကား…

3

ဘုရားသခင်သည် မေတ္တာတော်ကြီးမားကာ တရားမျှတတော်မူသည်။

*

လူဆိုးတစ်ယောက် ဘဏ်ကိုဓါးပြတိုက်ရန် ဆုံးဖြတ်လိုက်သည်ကို တွေးကြည့်ပါ။ ငွေကိုင်သူထံ သူလျှောက်သွားပြီး ထိုသူကို သေနတ်နှင့် ချိန်ကာ ငွေထုတ်ပေးရန် ကြမ်းတမ်းစွာတောင်းသည်။

ငွေကိုင်သူက ကြောက်လန့်ပြီး ငွေထုတ်ပေးသည်။

ငွေများကို အမှိုက်အိတ်ထဲသို့ သူပစ်ထည့်ပြီး ထွက်ပေါက်ဆီ ပြေးသွားသည်။ သို့သော် လမ်းတွင် ကော်ဇောပေါ် ခလုတ်တိုက်ပြီး ဗုန်းခနဲလဲကာ သေနတ်လည်း ပြုတ်ကျသွားသည်။ ဘဏ်လုံခြုံရေး အစောင့်များ သူ့ကိုနိုင်သွားပါသည်။

တရားရုံးတွင် တရားသူကြီးက ဓါးပြကို ‘‘ခင်ဗျားဘာ လျှောက်လဲဦးမလဲ’’ ဟု မေးသည်။

‘‘အပြစ်ရှိပါတယ်’’ ဟု သူညင်သာစွာ ပြောသည်။ သူ့မှာ အခြားရွေးစရာ မရှိ။ အထောက်အထားများစွာကို သူရင်ဆိုင်နေရပါသည်။

‘‘တရားသူကြီးမင်းခင်ဗျား။ ဒါကျွန်တော် ပထမဆုံး ကျူးလွန်မိတာပါ။ ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့ပါဘူး။ ဘဏ်ကလည်း ငွေအားလုံး ပြန်ရပါတယ်။ ကျွန်တော်လုပ်ခဲ့တာတွေကို ခွင့်လွှတ်ပြီး လွှတ်ပေးပေးလို့ ရမလား’’ ဟု ဓါးပြက ဆက်ပြောလေသည်။

တရားသူကြီးသည် ဓါးပြကို လွှတ်ပေးလိုက်လျှင် တရားမျှတပါမည်လား။ မမျှတနိုင်ပါ။ တရားသူကြီးသည် ဥပဒေကို လေးစားရမည်ဖြစ်ပြီး ဥပဒေအရ ဓါးပြမှုအပြစ်ရှိသူကို အပြစ်ပေးရပါမည်။

ဘုရားသခင်သည် လူသားဖြစ်သော တရားသူကြီးထက်ပင် ပို၍ တရားမျှတပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်ကို ဖြေလွှတ်တော် မူ၍မရသလို ဖြေလွှတ်မည် မဟုတ်ပါ။

…ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။

ရှင်ယောဟန် ၁ ၄:၈

သို့ရာတွင် ငါ [ဘုရားသခင်] သည် အပြစ်တို့ကို ဖြေလွှတ်တော်မမူ။

ထွက်မြောက်ရာကျမ်း ၃၄:၇

အကျပ်အတည်းတစ်ခု ဖြစ်နေသည်မှာ- ဘုရားသခင်သည် မေတ္တာတော်ရှိကာ ကိုယ်တော်သည် ကျွန်ုပ်တို့ကို မပြစ်မပေးလိုပါ။ သို့သော်လည်း ဘုရားသခင်သည် တရားမျှတမှုရှိပြီး ကျွန်ုပ်တို့ အပြစ်ကိုလည်း ဒဏ်ပေးရပါမည်။

ဘုရားသခင်သည် ဤအကျပ်အတည်းကို ယေရှုခရစ်တော်အား စေလွှတ်ခြင်းဖြင့် ဖြေရှင်းလိုက်သည်…

4

ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ်ပြီး လူသားဖြစ်သည်။
ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များအတွက် ဒဏ်ပေးခံရသည်။

*

ယေရှုခရစ်တော်သည် လူသားခန္ဓာကိုယ်နှင့် ဘုရားသခင်ဖြစ်သည်။ ကိုယ်တော်သည် လူကောင်းဖြစ်ရုံသာမက ကောင်းကင်တမန် သို့မဟုတ် ဆရာတစ်ဆူလည်း ဖြစ်သည်။

အစဦး၌ နှုတ်ကပတ်တော် [ယေရှု] ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့ မြင်ရကြပြီ။

ရှင်ယောဟန်ခရစ်ဝင် ၁:၁၊၁၄

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်ခင်သော်လည်း ကျွန်ုပ်တို့ အပြစ်များကို မုန်းပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့နှင့် ရင်းနှီးသော ဆက်ဆံရေး ရရှိတော်မူလိုပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ အပြစ်သည် ကျွန်ုပ်တို့နှင့် ကိုယ်တော်အကြား ခြားနားနေသော တံတိုင်း ဖြစ်ပါသည်။

ဤပြဿနာကို ဖြေရှင်းရန် ဘုရားသခင်သည် ကျွန်ုပ်တို့၏ အတိတ်က အပြစ်များ၊ ပစ္စုပ္ပန် အပြစ်များနှင့် အနာဂတ်အပြစ်များ အားလုံးကိုပါ ဆောင်ယူသွားပြီး ယေရှုခရစ်တော်အပေါ်၌ တင်ထားလိုက်ပါသည်။

ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးသီး လိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့ [ယေရှု] အပေါ် တင်တော်မူ၏။

ဟေရှာယအနာဂတ္တကျမ်း ၅၃:၆

ယေရှုခရစ်တော်ကို လူရိုင်းများထံသို့ လွှဲပေးကာ သူတို့က သူ့အား ရိုက်နှက်ပြီး အရှက်ရအောင်လုပ်ပါသည်။ သူ့ကို ထိုးနှက်၊ ရိုက်ပုတ်ကြသည်။ သံဆူးချွန်များပါသော ကြာပွတ်ဖြင့် ရိုက်သောကြောင့် သူ့အသားများ ပွန်းပဲ့ကာ ဝေဒနာခံစားရသည်။

ထိုသူတို့ သူ့အား လှောင်ပြောင်ကြရင်း ဆူးများပါသော သရဖူကို သူ့ဦးခေါင်းထက်သို့ အတင်းစွပ်သည်။ ထို့နောက် သူတို့သည် လက်ဝါးကပ်တိုင်၌ သူ့ကိုသံမှိုနှက်ပါသည်။

နောက်ဆုံးတွင် နောက်ဆုံးအပြစ်အတွက် သူပေးဆပ်သောအခါ ယေရှုခရစ်တော်က ‘‘တယ်တဲလက်စတိုင်’’ ဟုပြောသည်။ ရှေးခေတ် ကုန်သွယ်သောစကားအရ တန်ဖိုးပေးချေ ပြီးပြီ- ဟု ဆိုလိုပါသည်။

ယေရှုခရစ်တော် ကွယ်လွန်ခဲ့ပါသည်။ သို့သော် သုံးရက်အကြာတွင် ဘုရားသခင်က သူ့အား သေခြင်းမှ ထမြောက်စေပါသည်။

ဆိုလိုသည်မှာ သင့်အပြစ်များကို ဒဏ်ပေးပြီးသွားပါပြီ။ ထိုအပြစ်များကို သင့်ခန္ဓာကိုယ်၌ ဒဏ်ပေးခြင်းတော့ မဟုတ်ပါ။

ယေရှုခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် ကွယ်လွန်ကာ သေခြင်းမှ ထမြောက်ပြီး ကျွန်ုပ်တို့အပြစ်များအတွက် လျော်ကြေးပေးကာ ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံ၌ နေရာတစ်ခု ဝယ်ယူလိုက်ပါသည်။ ယခုအခါ ကိုယ်တော်က ကျွန်ုပ်တို့အား ထိုနေရာကို အနှောင်အဖွဲ့ကင်းသော လက်ဆောင်အဖြစ် ပေးနေပါ၏။

ဆပ်ပြာသည် တည်ရှိသော်လည်း ကျွန်ုပ်တို့ အသုံးပြုမှသာ ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို သန့်ရှင်းပေးသလိုပင် - လက်ဆောင်သည် တည်ရှိသော်လည်း ကျွန်ုပ်တို့ လက်ခံမှသာ ကျွန်ုပ်တို့အတွက် အကျိုးပြုပါမည်။

ဤလက်ဆောင်ကို ယုံကြည်ခြင်းမှတစ်ဆင့် ရရှိပါသည်…

5

ယုံကြည်ခြင်းသည်
ကောင်းကင်ဘုံတံခါးကိုဖွင့်ရန် သော့ဖြစ်သည်။

*

အသက်ကယ်တင်သူ နံရံချိတ်ပန်းချီကားကို တွေ့ရစဉ်။

ကျွန်ုပ်၏ ဘဏ်အကောင့်သို့ဝင်ရန် စကားဝှက် လိုပါသည်။ ကျွန်ုပ်၏ စကားဝှက်များကို ကျွန်ုပ်စမ်းကြည့်နိုင်သည်။ သို့သော် မှန်ကန်သော စကားဝှက်ကိုသာလျှင် သုံး၍ရပါမည်။ ကောင်းကင်ဘုံသို့ ရောက်ရှိအောင် ဖွင့်ပေးသည့် တစ်ခုတည်းသော စကားဝှက်မှာ ကယ်တင်သော ယုံကြည်ချက် ဖြစ်ပါသည်။

ကယ်တင်သော ယုံကြည်ချက်ဆိုသည်မှာ အဘယ်နည်း။

သိပ္ပံပညာရှင်သည် ရေနှင့်ပတ်သက်ပြီး အချက်အလက်များစွာ သိနိုင်သော်လည်း သဲကန္တာရထဲတွင် သေလုမျောပါး ရေငတ်ကာ ခက်ခဲပင်ပန်းစွာ သွားနေရပါက ထိုခေါင်းထဲမှ အသိဉာဏ်ကြောင့် သူမလွတ်မြောက်နိုင်ပါ။ သူရေသောက်ဖို့ လိုပါသည်။ ဘုရားသခင် တည်ရှိကြောင်း ခေါင်းထဲမှ အသိဉာဏ်သည် ကယ်တင်သော ယုံကြည်ချက် မဟုတ်ပါ။

ကျွန်ုပ်တို့သည် ခရီးမထွက်မီ ဘေးကင်းအောင် ဘုရားသခင်ထံ ဆုတောင်းခြင်း၊ စာမေးပွဲ မဖြေမီတွင် ဘုရားသခင်ကို အကူအညီတောင်းခြင်းတို့ ရှိပါသည်။ ကျွန်ုပ်တို့ လိုအပ်ချိန် သို့မဟုတ် အခက်ကြုံချိန်ရောက်မှ ဘုရားသခင်ကို အကူအညီတောင်းခြင်းသည် ယာယီယုံကြည်ချက် ဖြစ်ပါသည်။

ကယ်တင်သော ယုံကြည်ချက်ဆိုသည်မှာ ဘုရားသခင် တည်ရှိကြောင်း ခေါင်းထဲမှ အသိဉာဏ် မဟုတ်သလို ယာယီ ယုံကြည်ချက်လည်း မဟုတ်ပါ။ အမှန်စင်စစ် ကယ်တင်သော ယုံကြည်ချက်ဆိုသည်မှာ ထာဝရအသက်အတွက် ယေရှုခရစ်တော်တွင်သာ ယုံကြည်ခြင်း ဖြစ်ပါသည်။

သူတို့ကို ပြင်သို့ ထုတ်ပြီးလျှင်လည်း၊ သခင်တို့၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။
ထိုသူတို့ကလည်း၊ သခင်ယေရှု ခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုသည်။

တမန်တော်ဝတ္ထု ၁၆:၃၀-၃၁

သင်ရွက်လွှင့်သွားသည် ဆိုပါစို့။ မုန်တိုင်းကြမ်းနှင့် သင်တိုးမိသည်။ လှိုင်းလုံးကြီးများက သင့်လှေငယ်ပေါ် ရိုက်ခတ်သည်။ လှိုင်းတစ်ချက်ကြောင့် လှေမြုပ်ပြီး သင်လည်း ရေခဲတမျှအေးသော ရေထဲမျောပြီး သစ်သားစတစ်ခုကို အသည်းအသန် ဖက်တွယ်ထားရသည်။

သင်္ဘောတစ်စီးက သင့်ကိုတွေ့ပြီး အမြန်ရောက်လာသည်။ ကပ္ပတိန်က လက်ကိုင်တန်းနားလာပြီး ‘‘ဟေ့လူ။ အသက်ကယ်လှေ ပို့လိုက်မယ်။ အဲဒါကို လှမ်းကိုင်လိုက်ပါ။ ခင်ဗျားကို ဘေးကင်းတဲ့နေရာ ဆွဲလိုက်မယ်’’ ဟု အော်ပြောသည်။

ထိုနည်းတူပင် ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်ကြောင့် နစ်မွန်းနေသည်ကို မြင်တွေ့ပါသည်။ ကျွန်ုပ်တို့သည် မိမိဘာသာ ကယ်တင်ရန် မစွမ်းနိုင်ကြပါ။ ထို့ကြောင့် ကိုယ်တော်က ‘‘အသက်ကယ်လှေကို သင်တို့ထံ လွှတ်လိုက်ပြီးပြီ။ သူ့အမည်က ယေရှုဖြစ်သည်။ သစ်သားစကို လွှတ်လိုက်ပါ။ သူ့ကို ဖက်တွယ်ပါက သင်တို့အား ဘေးကင်းရာသို့ ငါဆွဲယူတော်မူမည်’’ ဟု မိန့်တော်မူပါသည်။

သစ်သားစကို ဆက်လက် တွယ်ကပ်နေမလား (မိမိကိုယ်တိုင် ကယ်တင်ရန် ကြိုးစားမလား) သို့မဟုတ် လွှတ်လိုက်ပြီး ကျွန်ုပ်တို့ကို ကယ်တင်ဖို့ ယေရှုကို ယုံကြည်မလား - ကျွန်ုပ်တို့ ရွေးချယ်ရပါမည်။

ယေရှုသည် ထာဝရအသက်အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ သူသည် ဘုရားသခင်၏ တစ်ဦးတည်းသော အသက်ကယ်လှေ ဖြစ်သည်။ ထာဝရသက် တည်းဟူသော လက်ဆောင်ကို ရယူရန် ကျွန်ုပ်တို့သည် ယေရှုခရစ်တော် တစ်ဦးတည်း၌သာ ယုံကြည်ရပါမည်။

ဤသည်မှာ သင့်အတွက် အဓိပ္ပာယ်ရှိရဲ့လား။

*

ဤအချက်ကို သင်မတော်တဆ ဖတ်နေခြင်း မဟုတ်ပါ။ ဘုရားသခင်သည် သင့်အားမေတ္တာထားပါသည်။ ကိုယ်တော်သည် သင့်အား အပြစ်မှခွင့်လွှတ်တော် မူလိုပြီး ကိုယ်တော့်မိသားစုဝင် အဖြစ် နေရာတစ်နေရာ ပေးလိုပါသည်။

ထာဝရအသက်တာဆိုသော လက်ဆောင်ကို သင်ရယူလိုပါသလား။

ထိုအတွက် ရှုပ်ထွေးသော ပွဲများကျင်းပရန်မလိုပါ။ လက်ဆောင်ကို ဆုတောင်းရုံဖြင့် ရရှိပါသည်။

သင့်အဖြေက ဟုတ်ပါသည်ဆိုလျှင် အောက်ပါအတိုင်း ဆုတောင်းပါ-

ယေရှုခရစ်တော်သခင်။ ကျွန်ုပ်သည် အပြစ်သားဖြစ်ပါတယ်။ သခင့်ထံမှ ထာဝရအသက်တည်းဟူသော အနှောင်အဖွဲ့ကင်းသည့် လက်ဆောင်ကို ရယူလိုပါတယ်။ ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ကျွန်ုပ်ယုံကြည်ပါတယ်။ ကျွန်ုပ်အပြစ်များအတွက် ကိုယ်တော် ကွယ်လွန်ခဲ့သည်ကို ကျွန်ုပ်ယုံကြည်ပါတယ်။ ကိုယ်တော် တစ်ဦးတည်းကိုသာ ကျွန်ုပ်ယုံကြည်မည်ဟု ဆုံးဖြတ်ထားပါတယ်။ ထာဝရအသက်တည်းဟူသော အနှောင်အဖွဲ့ကင်းသည့် လက်ဆောင် အတွက် ယေခရှုခရစ်တော်အား ကျေးဇူးတင်ရှိပါတယ်။ အာမင်။

သင်ပြုခဲ့သော အရာအတွက် ယေရှုခရစ်တော်က ဤသို့ မိန့်ကြားသည်။

ငါအမှန်အကန်ဆိုသည်ကား ငါ့ကိုယုံကြည်သောသူသည် ထာဝရ အသက်ကို ရ၏။

ရှင်ယောဟန်ခရစ်ဝင် ၆:၄၇

ဆိုလိုသည်မှာ ကျွန်ုပ်တို့ ယုံကြည်လိုက်သည့် တစ်ခဏတွင် ထာဝရ အသက်ကို ကျွန်ုပ်တို့ရရှိပါသည်။ သင်ယုံကြည်သည့်အတွက် သင်ဒါကို ရရှိပါသည်။

ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသားတို့မူကား၊ လူမျိုးနှင့် စပ်ဆိုင်၍ ဖွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဖွားသောသားမဟုတ်။ လူအလိုအလျောက် ဖွားသောသားမဟုတ်။ ဘုရားသခင် ဖွားတော်မူသော သားဖြစ်သတည်း။

ရှင်ယောဟန်ခရစ်ဝင် ၁:၁၂-၁၃

ယခုသင်သည် ဘုရားသခင်၏ မိသားစုဝင်ဖြစ်ပါပြီ။ သင်ဘာလုပ်လုပ် ထိုအရာကို မပြောင်းလဲနိုင်ပါ - ကလေးငယ်တစ်ယောက် မွေးဖွားသည်နှင့် သူ့ကို မမွေးအောင် ပြန်မလုပ်နိုင်တော့ပါ။

သင့်အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် အပြစ်တို့ကို ဖြေလွှတ်တော်မူပါသည်။ ဘုရားသခင်၏အမြင်တွင် သင်သည် ယခုရော နောင်တွင်ပါ ကြည်လင်သန့်ရှင်းနေပါမည်။ ယေရှုခရစ်တော်ကဲ့သို့ ဖြစ်ပါသည်။

ကြောက်ရွံ့မှုကို သင်ငုံ့ခံနေစရာ မလိုတော့ပါ...

ကလေးငယ်တစ်ယောက်ကို ဖခင်က ချီထားစဉ်။

သင်သည်

ဘုရားသခင်၏ သားသမီးဖြစ်သည်